ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ဆည်ရေရှိသည့်နေရာများတွင် စပါးသီးနှံကို အဓိကထားစိုက်ပျိုးပြီး ဆည်ရေမရသည့်ယာမြေများ၌ မြေအောက်ရေ(စက်ရေတွင်း)ကို အဓိထားပြီး ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတိုသီးနှံများ စိုက်ပျိုးကြောင်းနှင့် ကျီးအိပ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီ(၁၆၈)သင်္ဘောမျိုး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သင်္ဘာစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ တောင်သူဦးဆန်းဝင်းက သင်္ဘောစိုက်ပျိုးသည့်အခါတွင် အပင်သေပျောက်မှုမရှိစေရန်အတွက် မျိုးစေ့များကို ဦးစွာပျိုးအိတ်များတွင် သဘာဝမြေဆွေးများထည့်ပြီး ပျိုးထောင်၍ သန်မာသည့်ပျိုးပင်များရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၆)ပေအကွာခန့် စိုက်ပျိုးကြောင်း၊ ယင်းအကွာအဝေးအတိုင်းစိုက်ပျိုးခြင်းဖြင့် အသီးအထွက်နှုန်ကောင်းပြီး သီးလုံးကြီးထွားကြောင်းနှင့် အပင်ဖြစ်ထွန်းမှုကိုကြည့်ရှု၍ လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေအပေါ်တွင် မူတည်၍ မြေအစိုဓာတ်မပြတ် ရေသွင်းပေးခြင်း၊ မြေဩဇာကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း တောင်သူဦးဖိုကဲက ပြောပြသည်။
သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လခန့်တွင် ရောင်းတန်းဝင်သင်္ဘာသီးများ စတင်ခူးဆွတ်ရကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက အသီးခူးဆွတ်ရောင်းချချိန် (၈)လခန့်ကြာအောင် ခူးဆွတ်ရောင်းချရကြောင်းနှင့် ရောင်းချရာ၍အခါပွဲစားများမှ စိုက်ခင်းများအထိ ကွင်းဆင်းကာ လာရောက်ဝယ်ယူကြကြောင်းနှင့် သင်္ဘောသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး မြေဆီမြေဩဇာကောင်းသည့်မြေအမျိုးစားတွင် စိုက်ပျိုးပြီး အပင်အပြုစုကောင်းပါက အကျိုးအမြတ်ရရှိသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)