မိုင်းယောင်း ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်စေရန်နှင့် စာဖတ်အားများ တိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက တစ်ဦးချင်း အသိပညာများကြွယ်ဝစေရန်အတွက် စာဖတ်ရန်လိုကြောင်း၊ ဖတ်ရှုသည့် စာကို ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရှိရန်လည်းလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာခြင်းဖြင့် ဘဝအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ဖတ်ရှုသိရှိထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးပေးခြင်းများဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှုအကျိုးကိုရရှိနိုင်မည်ဖြစ်ကြောင်း စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခေါင်းဆောင်မှု လျှို့ဝှက်ချက်"စာအုပ်မှ ခေါင်းဆောင်မှုဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ မောင်စိုင်းခမ်းချစ်က "ခေါင်းဆောင်မှု လျှို့ဝှက်ချက်"အကြောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်က ဘဝမှာအောင်မြင်ရခြင်းအကြောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ မနန်းဒါခမ်းက ဘဝရည်မှန်းချက်အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က စိတ်အာရုံကို ဆွဲဆောင်ခြင်းအကြောင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ မဘူးဒေါ့က အဘိုးအိုနှစ်ဦးဆွေးနွေးခန်းအကြောင်းကို ဖတ်ကြားခဲ့ကြသည်။
ထို့နောက် မိမိတို့ဖတ်ရှုသိရှိထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဆွေးနွေးပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)