တာချီလိတ် ဖေဖော်ဝါရီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်မှ ပေးအပ်ချီးမြှင့်သည့် သာသနာဆိုင်ရာထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ရရှိသူများကို ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေပြည်သူများက ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ထူးချွန်ဆုများကို ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သာသနာဆိုင်ရာထူးချွန်ဆု(ဒုတိယအဆင့်)အား ဦးထွန်းနေဦး၊ သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်နိုင်၊ သီဟသုဓမ္မမဏိဇောတဓရ ဦးတင်လှိုင်၊ သီရိသုဓမ္မမဏိဇောတဓရ ဦးလှအေး(ခ) ဦးအားတီတို့မှ လည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)အား ဦးဘိုလေး၊ ဦးအားမဲ၊ ဦးစိုင်းစိုင်း၊ ဦးစိုင်းနွံမောက်တို့မှလည်းကောင်း၊ လူမှုရေးဆိုင်ရာထူးချွန်ဆု(ဒုတိယအဆင့်) ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း၊ လူမှုရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်)အား ဦးဇော်မြင့်၊ ဦးလောတာ၊ ဦးငြိမ်းသောင် (လောက ပါလပရဟိတလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ)၊ ဦးစိုင်းခမ်းမွန်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးမန်နေဂျာ(လျှပ်စစ်စီမံခန့်ခွဲရေး)၊ ဦးသန်းလှိုင် မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးမန်နေဂျာ(ငွေစာရင်း)၊ ဦးကျော်လှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ အနုတ္တရပရဟိတအသင်း စုစုပေါင်း ထူးချွန်ဆုရ လူပုဂ္ဂိုလ် (၁၆)ဦးတို့အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်၊ တောင်ကြီးမြို့တွင် ကျင်းပသည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုထူးချွန်ဆုများသည် ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ဒဏ်သင့် ဒေသများနှင့် ရေကြီးရေလျှံမှုကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာသာ၊ သာသနာထွန်းကားပြန့်ပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် သဒ္ဓါထက်သန်စွာ လှူဒါန်းပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် သာသနာရေးဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)