ကျောက်ဆည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိသားစုအပိုဝင်ငွေရရှိရေး မြေယာပိုင်ဆိုင်သူအချို့သည် တစ်နိုင်တစ်ပိုင် သီးပင်စားပင်များနှင့် ပန်းအမျိုးစုံ စိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သင်းတောင်းကျေးရွာမှ ဒေါ်သီတာအေး စိုက်ပျိုးထားသော သပြေပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သပြေပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သပြေပန်းပင်သည် တစ်ကြိမ်စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် နေ့စဉ်ကိုင်းအညွှန့်များအား စတင်ဖြတ်တောက် ရောင်းချနိုင်ကြောင်း၊ သပြေပန်းသည် မြန်မာလူမျိုးတို့၏ အောင်အတိတ်အောင်နမိတ်၊ အောင်ပန်းဖြစ်သည့်အတွက် ဘုရားပွဲ၊ နတ်ပွဲနှင့် ဘုရားပန်းကပ်လှူရာ၌ မပါမရှိ ပန်းတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း တစ်နိုင်တစ်ပိုင် သပြေပန်း အပင်(၂၀၀)စိုက်ပျိုးထားသည့် ပန်းစိုက်ပျိုးရောင်းချသူ မသီတာအေးက ပြောပြသည်။
သပြေပန်းစိုက်ပျိုးရောင်းချသူများအနေဖြင့် ပန်းကိုင်းအညွှန့် ဖြတ်တောက်ရောင်းချခြင်းနှင့် သပြေငုတ် ပြုလုပ်၍ တူးဖော်ရောင်းချခြင်းဟူ၍ နှစ်မျိုးရှိကြောင်း၊ ပန်းအညွှန့်ဖြတ်တောက်ရောင်းချသူများအနေဖြင့် သပြေပန်းပင် စိုက်ပျိုးပါက လေဝင်လေထွက် ကောင်းမွန်ပြီး အကိုင်းအညွှန့်များဖြာဝေပြီး သန်မာလှပစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားကာ စိုက်ပျိုးကြကြောင်း၊ ရေကြိုက်နှစ်သက်သောကြောင့် မြေဘောင်များ ပြုလုပ်ကာ စိုက်ရပြီး ကုန်ကျစရိတ်နှင့် သွင်းအားစုနည်းပါးကာ အကျိုးအမြတ်များသောကြောင့် စိုက်ပျိုးသင့်သည့် ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)