သထုံ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ စာအောင်သံဃာတော်များအား ကြိုဆိုပင့်ဆောင်ကြပြီး ဝင်းပဇောတိကာရုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပိဋကတ္တရပါရဂူ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တဩဘာသာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ပရိယတ္တိသာသနဟိတအသင်းဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အမှုဆောင်တို့က (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာဘွဲ့နှင်းသဘင်ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ ပြီး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပရိယတ္တိသာသနဟိတအသင်းနာယကဆရာတော် ကြီးများထံ လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ (၉၈)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲမှ အဆင့်အတန်းအသီးသီးဖြင့် အောင်မြင်တော်မူခဲ့ကြသူတို့အား ပရိယတ္တိသာသနဟိတအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဘွဲ့တံဆိပ်အသီးသီးတို့ကို ဆက်ကပ်လှူဒါန်းကာ အလှူရှင်တို့က လှူဖွယ်များ လောင်းလှူခဲ့ကြ သည်။
ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၈)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပခဲ့ရာ သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၁၉၀ ကျော်တို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်တွင် ပထမစာချဘွဲ့ရ(၃)ပါး၊ ဒုတိယစာချဘွဲ့ရ(၁၀)ပါး၊ အဆင့်အတန်းအသီးသီး၌ အောင်မြင်ကြသူ(၃၆)ပါးတို့အား ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်တို့အား ချီးမြှင့်ပူဇော်ခဲ့ကြကြောင်း ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။
ခရိုင်(ပြန်/ဆက်)