လင်းခေးမြို့၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

လင်းခေး ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်(နွယ်ဝတီခန်းမ) အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းတို့ ဦးစွာဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းလင်းက ဖတ်ကြားခဲ့ပါသည်။

ယင်းနောက် ရှမ်းတိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တာဝန်ရှိသူတို့က အကအဖွဲ့များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီး၌ တက်ရောက်လာသူများက (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ(MSMEs)အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)