အင်းစိန်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

အင်းစိန် ဖေဖော်ဝါရီ ၈

နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာတော်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဆရာတော်ကြီး(၁၈)ပါးတို့အား ကျန်းမာရေးစစ်ဆေးခြင်းကို အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်သင်္ဂီမြင့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ အထွေထွေစမ်းသပ်စစ်ဆေးခြင်း၊ ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်နည်းပညာဖြင့်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင်ကျန်းမာရေးစစ်ဆေးမှု ကြွရောက်ခံယူသည့် ဂိုဏ်းပေါင်းစုံထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား အာရုံဆွမ်းနှင့် နေ့ဆွမ်းများကိုလည်း အင်းစိန်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာခင်သင်္ဂီမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အင်းစိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်သာသနာ ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါ ကြောင်းသိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)