တိုက်ကြီး ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် တောင်ပေါ်ဒေသ၌ ရာသီချိန် စိုက်ပျိုးထားရှိသည့်ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် တောင်ယာစိုက်ပျိုးသူ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဖရဲသီးစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
တိုက်ကြီးမြို့နယ် တောင်ပေါ်ဒေသများရှိ တောင်ယာများ၌ ဖရဲသီးကို ဆောင်းဦးရာသီတွင် စတင်စိုက်ပျိုးကြောင်း၊ ဒေသ၏ရာသီဥတုနှင့် ကိုက်ညီသည့် ကလေးကြီးဖရဲမျိုးကို မျိုးစေ့တိုက်ရိုက်ချ၍ စိုက်ပျိုးကြောင်း၊ မစိုက်ပျိုးမီ စိုက်ပျိုးမည့်မြေကိုနွားချေး သို့မဟုတ် သဘာဝမြေဩဇာများ ထည့်ပေးရပြီး အပင်တစ်ပင်နှင့် တစ်ပင်အကြား နှစ်ပေခွဲခန့်ခွာ၍ စိုက်ပျိုးကြောင်း၊ ဖရဲသီးသည် အစိုဓာတ်ရှိသည့်မြေကို ကြိုက်နှစ်သက်သဖြင့် ရေမှန်မှန်ပေးရန် လိုအပ်ကြောင်း၊ အပင်ကြီးထွားစေရန် အပင်ပေါက်ပြီး အပင်တစ်ပေခွဲ၊ နှစ်ပေခန့်အရောက်တွင် ပုလဲဓာတ်မြေဩဇာကျွေးပေးရပြီး အပင်ငယ်ချိန်တွင် ပိုးမွှားများမကျရောက်စေရန် ပိုးသတ်ဆေး ဖျန်းပေးရကြောင်း၊ ပေါင်းမြက်များ သည် အပင်ရှင်သန်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် ပေါင်းပင်များကိုလည်း အချိန်မှန်မှန်ရှင်းပေးရကာ အသီးသီးချိန်တွင် ပိုတက်ဓာတ်မြေဩဇာကို ကျွေးပေးခြင်းဖြင့် အသီးကြီးထွားမှုကို ကောင်းမွန်စေကြောင်း၊ စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် ဖရဲသီးခူးဆွတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ခူးဆွတ်ပြီးဖရဲသီးကို တောင်ပေါ်ဒေသသို့ ကားဖြင့်သွားရောက်သယ်ယူပြီး အဖျောက်-ဥတို လမ်းတစ်လျှောက်နှင့် ရန်ကုန်-ပြည် ကားလမ်းဘေးတို့တွင် ဆိုင်များဖြင့် ခင်းကျင်းရောင်းချကြရာ ဒေသထွက်ဖရဲသီးများသည် အရည်ရွှမ်းပြီး ချိုမြသဖြင့် လူကြိုက်များကြောင်း၊ ဖရဲသီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ရောင်းချရပြီး ဒေသတွင်းရောင်းချခြင်း၊ ခရီးသွားပြည်သူများက နေ့စဉ်ဝယ်ယူခြင်းအပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချရသဖြင့် ဖရဲစိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)