သာကေတ ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် သရီရဓာတ်တော်များ ရင်ငွေ့လှုံခြင်းနှင့် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၅ နာရီ ၄၀ မိနစ်တွင် ဇိနမာရ်အောင်စေတီတော်၌ ကိန်းဝပ်စံပယ်လျက်ရှိသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် သရီရဓာတ်တော်များကို စေတီတော်အစဥ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေးနာယက ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦး၊ စေတီတော်အစဥ်ဖွံဖြိုးတိုးတက်ရေးနှင့် ရွှေသင်္ကန်းကပ်လှူရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လူငယ်စင်တာမှ ကော်မတီဝင်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက ပန်းရထားဖြင့် ရွှေတိဂုံစေတီတော်သို့ ဒေဝါဝင်း၊ ရာဇာဝင်းဖြင့် ပင့်ဆောင်ပြီးနောက် ရွှေတိဂုံစေတီတော်အား လကျာ်ရစ်သုံးကြိမ်လှည့်လည်ပူဇော်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် သရီရဓာတ်တော်များအား အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်တန်ဆောင်း၌ ရင်ငွေ့ခိုလှုံခဲ့သည်။
ဆက်လက်၍ စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူငွေပေးအပ်ပွဲကို ကျင်းပရာ ဦးဝင်းဇော်ငြိမ်း၊ ဒေါ်ချိုချိုထွန်း ( Ruby Empress Co. Ltd) မှ သိန်း ၁၀၀၊ ကိုဖြိုးမှ သိန်း ၅၀၊ ဦးတင်မောင် + ဒေါ်ပါးပါး (စန္ဒီပရဆေးမိသားစု)မှ ၅၀ သိန်း ၄ သောင်း၊ ဦးဇော်လွင်ဦးမှ သိန်း ၅၀၊ ဦးကြည်လင်းမှ သိန်း ၅၀၊ ဒေါ်တင်တင်လှိုင်မှ သိန်း ၅၀၊ ဒေါက်တာ မြသီတာဆွေတင်မှ သိန်း ၅၀၊ ဦးညီဝင်းလွင် + ဒေါ်ပန်းအိဝင်း မိသားစုမှ သိန်း ၃၀၊ ဝဏ္ဏကျော်ထင် ဦးဝင်းဆွေ + ဒေါ်နန်းနှင်းဆီ မိသားစုမှ ၁၀ သိန်း၊ ဒေါ်ဋ္ဌေးဋ္ဌေးဝင်းမှ ငါးသိန်း၊ ဒေါ်ခင်တိုးတိုးစိန်မှ ငါးသိန်း၊ ဒေါ်ဖြိုးဝေကြိုင်နှင့် ဒေါ်သီတာကြိုင်တို့မှ ငါးသိန်း၊ ဒေါ်အေးသန့်စင်မှ နှစ်သိန်း၊ ဒေါ်မေဖြိုးခင်မှ တစ်သိန်း၊ ဒေါ်နန္ဒာစိုးမှ တစ်သိန်း၊ ဒေါက်တာစံပါယ်လှမှ တစ်သိန်းတစ်သောင်း၊ ရင်ပြင်တော်လှည့်စဥ် ၇ ရက်သားသမီးအလှူရှင်များမှ သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်က သြဝါဒကထာမြွက်ကြားကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့်သရီရဓာတ်တော်များသည် ရွှေတိဂုံစေတီတော်၌ ရင်ငွေ့လှုံတစ်ညတာကိန်းဝပ်စံပယ်ကာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဇိနမာရ်အောင်စေတီတော်သို့ ပြန်လည်ပင့်ဆောင်ပြီး သတ်မှတ်ရက်များတွင် သတ်မှတ်ရပ်ကွက်များအလိုက် ဒေသစာရီ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)