ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၈

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး၊ အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်သန်း၊ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများဦးဆောင်၍ သ‌န္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။ ထို့ နောက်ဈေးတာဝန်ခံများနှင့် ဈေးသူဈေးသားများအား လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျ သတိရှိစွာသုံးစွဲရေး လျှပ်စစ် မီးခလုတ်၊ ဘတ်ထရီမီးများအား သေချာစွာစစ်ဆေးအသုံးပြုရေး၊ ဆိုင်ခန်းများတွင် အရေးပေါ် မီးသတ်ဆေးဘူးထားရှိရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး၊ ရေတို့ဖြင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့အား ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)