(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လက်ခိုက်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၈

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ‌ ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အိုးဘို‌ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဂဝံလမ်းသစ်ဖွင့်ပွဲအား ဦးရွှေရိုးနှင့်‌ ဒေါ်မိုးအကများဖြင့် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်‌ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က အိုးဘိုကျေးရွာကုန်ထုတ်ဂဝံလမ်းဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် လက်ခိုက်‌ကျေးရွာအုပ်စုရပ်မိရပ်ဖ ဦးမြင့်ကြိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးညွန့်နွယ် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး‌အောင်သက်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ လက်ခိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးကိုနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ကုန်ထုတ်ဂဝံလမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းနှစ်လမ်းမှာ အရှည်ပေ (၃၅၀၀) ပေ၊ အကျယ် (၁၂) ပေ၊အမြင့် မြေသား (၂)ပေ ဂဝံ (၉) လက်မထုရှိသည့် ဂဝံလမ်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက် (၂၄၄.၅၅၀)သန်းဖြင့် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သော်လည်း လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပြီး ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းများ၊ တံတားများတည်ဆောက်နေမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)