တိုက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

တိုက်ကြီး ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးလောင်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်း၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက သနပ်ချောင်းကျေးရွာအုပ်စု၊ စက်စုကျေးရွာ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆောင်ရွက်သည်။

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်က ပွင့်လင်းရာသီ ရောက်ရှိပြီ‌ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် စည်းကမ်းများ၊ ရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် မီးဘေးလုံခြုံရေး စစ်ဆေးသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများက မီးသတ်ဆေးဘူးကိုအသုံးပြု၍ မီးတောက်မီးလျှံများအား မီးငြှိမ်းသတ်နည်းကို သရုပ်ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးခန့်က ကိုယ်တိုင်ပါဝင် လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)