လှည်းကူး ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ပိုမိုသိရှိစေရန်အတွက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ လှည်းကူးမြို့မဈေးနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) သို့ သွားရောက်ကာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဆောင်ပုဒ်နှင့် ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးသားသည့် “နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီ” ကဗျာတို့ ပါဝင်ကြောင်းလည်း သိရသည်။
ဆက်လက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှည်းကူး (ပြန်/ဆက်)