တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

တိုက်ကြီး ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျှော့ချနိုင်စေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းတာဝန်ခံက တာခွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၉ ဦးအား ငွေစာရင်းထိန်းသိမ်းနည်းနှင့် စာရင်းဇယားများ ဖြည့်သွင်းနည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)