တာမွေ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အဆိုပါကျောင်းရှိ ကျောင်းသား/သူလေးများအား လက်သင်္ကေတပြဘာသာစကားအသုံးပြု၍ “လူကုန်ကူးမှုအန္တရာယ်” နှင့် “မူးယစ်ဆေးဝါးအန္တရာယ်” အကြောင်းတို့ကို အကျယ်တဝင့်အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို လက်သင်္ကေတပြဘာသာစကားဖြင့် မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များအား စိတ် ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)