တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

တာမွေ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို အဆိုပါရုံးရှိ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ်အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်းသတ်ရေးကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျမီးငြှိမ်သတ်နည်းများကို ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ပူပြင်းခြောက်သွေ့လွန်းလှသည့် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယခုနှစ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦများအပြင် မြို့နယ်အတွင်းရှိ အခြေခံပညာစာစစ်ဌာနကျောင်းနှင့် မူလတန်းကြိုကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)