တာချီလိတ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မိုးထွေး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၂၁၀.၈၀၇)သန်းဖြင့် မိုင်းယောင်းတောင်ပေါ်သားကုမ္ပဏီနှင့် ဆုဝိုင်းလျှံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အရှည် (၀/၆)မိုင်၊ အကျယ် (၁၆)ပေ၊ ထု (၆) လက်မရှိ လွယ်တော်ခမ်းတံတား-အာဒီး-အာခါဆေးခန်း-ဗာလ-နာကျဲလမ်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရန်ပုံငွေကျပ် (၃၁၉.၄၇)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အရှည် (၁/၀)မိုင်၊ အကျယ် ပေ (၃၀)၊ ထု (၄)လက်မရှိ မိုင်းဆတ်-တာချီလိတ်လမ်း (ဆန်ဆိုင်းမြို့ပတ်လမ်း)အား geometric design အရ မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျပ် (၂၉.၉၅) သန်းဖြင့် ၄င်းလမ်းပေါ်ရှိ ၃၀' x ၅' x ၅' Box Culvert (၂)စင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရွှေကန်ညီကိုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပြည်နယ်ရန်ပုံငွေကျပ် (၅၀.၇၄၅) သန်းဖြင့် (၄၃၀"x၁'၆"x၅') ကျောက်စီမြေထိန်းနံရံဆောင်ရွက်နေမှု၊ ကျပ် (၂၉.၈၂) သန်းဖြင့် (၃၀'x၅'x၅') Box Culvert (၂)စင်း တည်ဆောက်နေမှုများကိုလည်းကောင်း၊ ပြည်နယ်ရန်ပုံငွေကျပ် (၃၁၆.၄၉၉) သန်းဖြင့် အရှည် (၀/၇)မိုင်၊ အကျယ် (၁၂)ပေ၊ ထု (၉) လက်မရှိ ရန်ရှင်း-ဘာဘီး-ပန်တော်ချေ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)