မင်္ဂလာဒုံ ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ ကျင်းပသော စာပေဆုရှင်များ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထောက်ကြန့်မြို့ရှိ ဇိနမာရ်အောင်ကျောင်းတိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းတိုက်၏ ဘဒါနနာယက ဆရာတော်မြို့နယ် သံဃာ့နာယကအတွင်းရေးမှူး ဘန္ဒတထာဝါရက မုဒိတာဩဝါဒမြွကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ သိန်းထွန်းအောင်က ဂုဏ်ပြုမုဒိတာ အမှာစကားပြောကြားခဲ့ကာ မြို့နယ်စာရေးဆရာအသင်း နာယကကြီး အောင်သူရိန် (ပုလဲ) က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စာပေဆုရှင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ကျင်းပရာ (၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေစာပေဆုကို “အရုဏ်ဦးမှာကြည်နူးစွာနှင့် အခြားဝတ္ထုတိုများ” စာမူဖြင့် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုနှင့် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကလေးစာပေ) ကို “မြန်မာ့ရတနာ ကလေးကဗျာများ” စာအုပ်ဖြင့် ရရှိခဲ့သော ဆရာမသက်ဦးခင်အားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုကို “ကုန်းဘောင်နှင့် ကိုလိုနီခေတ်လက်ရာ ထင်ရှားသော သစ်သားအဆောက်အအုံများ” စာမူဖြင့် သုတပဒေသာ (ဝိဇ္ဇာ) တတိယဆုရရှိခဲ့သော ဆရာ မောင်သာ (ရှေးဟောင်းသုတေသန) အားလည်းကောင်း၊ (၃၁) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ စာပေဆုကို “နှစ် (၁၀၀) ပြည့် ထောက်ကြံ့အမျိုးသားကျောင်းသမိုင်း (၁၉၂၅- ၂၀၂၅) ”စာမူဖြင့် သုတေသနတတိယဆုရရှိခဲ့သော ဆရာ ဌေးကျော် (မဟာဝိဇ္ဇာ) အားလည်းကောင်း မြို့နယ်စာရေးဆရာအသင်းမှ အသီးသီးဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများကို ချီးမြင့်ခဲ့ကြသည်။
စာပေဆုရှင်များမှ ဆရာ မောင်သာ (ရှေးဟောင်းသုတေသန) က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာမ သက်ဦးခင်နှင့် ဆရာ ဦးဌေးကျော်တို့က ဝမ်းမြောက်ကြောင်း မုဒိတာစကားအသီးသီးပြောကြပြီးနောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ငွေစိုး (ရွှေကြန့်မြေ) က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း