ဗိုလ်တထောင်မြို့နယ်၌ ဝန်ထမ်းစာဖတ်ဝိုင်းကျင်းပ

ဗိုလ်တထောင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community-Centre ခန်းမတွင် ယနေ့ နံနက် (၁၁) နာရီအချိန်က ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ ဝန်ထမ်းစာဖတ်ဝိုင်းပုံမှန်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်နိုင်ရည်မြင့်မားလာစေရန်နှင့် မိမိဌာနလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်စေရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မိမိတို့ဌာနသည် ပြည်သူကိုဗဟိုပြု၍ အဓိကလုပ်ဆောင်နေရသော ဌာနဖြစ်ပြီး ပြည်သူနှင့် အများဆုံးထိတွေ့ဆက်ဆံနေရသောကြောင့် ပြည်သူကအားကိုးရသော အရည်အချင်းပြည့်ဝသော ဝန်ထမ်းများဖြစ်စေရန်၊ ယနေ့ခေတ်ကမ္ဘာကြီးသည် နည်းပညာတိုးတက်ပြောင်းလဲလာပြီဖြစ်ကြောင်း၊ စာပေခေတ်နည်းပညာခေတ်ကြီးမှာ မိမိတို့ဝန်ထမ်းများက ခေတ်ရှေးပြေးနေဖို့လိုကြောင်း၊ အရာရာမှာမိမိတို့က ခေတ်နှင့်အညီလိုက်နိုင်ရန်လိုအပ်ကြောင်း၊ စာပေဗဟုသုတကို အခြားသူများထက် လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း ဖြတ်သန်းခဲ့သည့် ခေတ်အသီးသီးမှာ ယနေ့ခေတ်ကို AI ခေတ်ဟုပင်ဆိုနိုင်ကြောင်း၊ နယ်ပယ်အသီးသီးတွင် စာပေဗဟုသုတခေတ် ပညာသစ်နည်းပညာများစွာ အရေးပါနေပြီဖြစ်ကြောင်း၊ အငယ်တန်းစာရေးသည် ယခုမှရာထူးတိုးထားသည့် ဝန်ထမ်းဖြစ်သဖြင့် ရုံးလုပ်ငန်းများသိရှိရန် လေ့လာရန်လိုအပ်ကြောင်း၊ မရှင်းလင်းနားမလည်သည်များရှိပါက ဦးစီးနှင့် မိမိထက်နားလည်တတ်ကျွမ်းသူများထံ မေးမြန်းသင်ယူလေ့လာရန်နှင့် ရုံးလုပ်ငန်းလက်စွဲစာအုပ်အား ဖတ်မှတ်လေ့လာရန်လိုအပ်ကြောင်း အစရှိသည်များအား ပြောကြားပြီး ဝန်ထမ်းများအားရုံး လုပ်ငန်းလက်စွဲစာအုပ်မှ အခန်း (၁) ရုံးလုပ်ငန်းသဘောတရား​အကြောင်း ဖတ်ကြားရှင်းလင်းခြင်း၊ အခန်း (၂)/ အခန်း (၃) ဝင်စာ/ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်းအကြောင်းကို ဖတ်ကြား၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးကျော်ကျော်လင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေမြတ်နိုင်၊ အငယ်တန်းစာရေး ဒေါ်အိမြတ်ဝင်းထွဋ်တို့အား အခန်း (၄) စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းတွင် ပါရှိသောရည်ရွယ်ချက်၊ လုံခြုံမှုအဆင့်အတန်း၊ စာရွက်စာတမ်းများတွင် မှတ်သားခြင်း၊ လုံခြုံမှုအဆင့်အတန်းသတ်မှတ်ခြင်း၊ စာရွက်စာတမ်းများကို အရေးယူဆောင်ရွက်ခြင်း၊ ဦးစားပေးအဆင့်အတန်း၊ အရေးယူဆောင်ရွက်ခြင်း၊ ဦးစားပေးအဆင့် သတ်မှတ်ခြင်းတို့အား တလှည့်ဆီဖတ်ကြားစေခဲ့သည်။

ထို့နောက် ဦးစီးမှူးမှ အထွေထွေကဏ္ဍဖြစ်သည့် ရုံးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်လည်းကောင်း၊ စာရွက်စာတမ်းများကို ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ရာတွင်လည်းကောင်း စနစ်တကျရှိရန်လိုအပ်ကြောင်း အစရှိသည့်ရုံးလုပ်ငန်းများနှင့် ပတ်သက်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)