မိတ္ထီလာ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု စီမံချက်များနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများ ပိုမိုသိရှိနားလည်စေရန်နှင့် ထပ်ဆင့်အသိပညာပြန့်ပွားနိုင်စေရန်ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဖွံ့ဖြိုးရေးကဏ္ဍနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းကို ယနေ့ နံနက် ၉နာရီခွဲက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်က အမှာစကားပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများဘာသာရပ်၊ ဦးစီးအရာရှိ ဦးကျော်စိုးလင်းက အမျိုးသမီးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာသိကောင်းစရာများ၊ သတိပြုဆင်ခြင်ဖွယ် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာဘာသာရပ်၊ ဦးစီးအရာရှိဒေါ်သီရိထွန်းက အမျိုးသမီးများနှင့် ရေချိုသယံဇာတထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှုလျှော့ချခြင်းဘာသာရပ်၊ ဒုတိယဦးစီးမှူးဦးဟိန်းမင်းထက်က အမျိုးသမီးများနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဘာသာရပ်နှင့် ဒုတိယဦးစီးမှူးဒေါ်ဝေဝေအောင်က အမျိုးသမီးများနှင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်ကို ဆွေးနွေးပို့ချသည်။
အဆိုပါ သင်တန်းကို တစ်ရက်တာဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သင်တန်းသူ ၁၂ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ