မြစ်သား ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့် အကျိုးထိရောက်မှုရှိစွာကုသနိုင်ရန် ရည်ရွယ်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးနန္ဒာယုကတစ်ကိုယ်ရည်သန့်ရှင်းရေး၊ ဆောင်းရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့်အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ၂၇ ဦး ကုသပေးခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဝန်ထမ်းများက စာသင်ကျောင်းများနှင့် ကျေးရွာများကို သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)