မုဒုံ ဖေဖော်ဝါရီ ၄
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းက အ.မ.က(ခေမာ)ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမား ဟူသည် ၎င်း၏ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူ များကို ဆိုလိုကြောင်း၊ မည်သည့်အလုပ်မျိုးကိုမဆို အသက် (၁၄)နှစ်အောက် ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာ တားမြစ်ထားကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်များနှင့် အသက်အရွယ်၊ ကလေး အလုပ်သမားများပပျောက်ရေး ရည်မှန်းချက် (၃) ရပ်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ကျောင်းသား/သူ၊ ဆရာ/ဆရာမများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)