သာကေတ ဖေဖော်ဝါရီ ၄
သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၄ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ယင်းနေ့ နံနက် ၅ နာရီတွင် စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်များအား ထမနဲဆွမ်းများ ကပ်လှူခဲ့ပြီး ကျောင်းတိုက်အသီးသီးသို့ကိုလည်း ထမနဲများ လှူဒါန်းခဲ့သည်။ မွန်းလွဲ ၃ နာရီခွဲတွင် ပုဗ္ဗာရုံတန်ဆောင်း၌ ရတနာပုံကျောင်းတိုက်ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဝင် မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တသုန္ဒရပီယထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္စျာယ်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရတနာပုံဆရာတော်ထံ ရေစက်သွန်းချခဲ့ကြသည်။
ဆက်လက်၍ ၁၀၈ - တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော် ၅၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ မြတ်စွာဘုရားအမှူးပြု၍ ရဟန္တာလေးပါး၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ပင့်ဖိတ်ထားသည့် သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း (၉၀) ပါးအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ (၇) ရက်သားသမီးအလှူရှင်များက ၁၇၃ သိန်းကျော်တန်ဖိုးရှိ ( ပစ္စည်း + ဝတ္ထုငွေ ) ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
သဲထက်ဇင် (ပြန်/ဆက်)