ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲသို့တက်ရောက်

ပူတာအို ဖေဖော်ဝါရီ ၄

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေ ရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေ သော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မချမ်းဘောမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

‌ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မချမ်းဘောမြို့နယ်၊ ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေး၌ ကိန်းဝပ်စံပ္ပါယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းမြတ် ဒေသနာတော်ရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ဘုရားအမှူးပြုသော ရဟန်း၊ သံဃာ၊ သာမ‌‌ဏေ သီလရှင် စုစုပေါင်းအပါး (၈၀) တို့အား ဆွမ်းဆန်တော်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ ကို လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် (၆) ရက်တာကျင်းပခဲ့သော အသံမစဲမဟာပဋ္ဌာန်းမြတ် ဒေသနာတော်ရွတ်ဖတ်ပူဇော်ခဲ့ပြီး ပဋ္ဌာန်းရေများကို ဆရာတော်မထေရ်မြတ်ကြီးများဦးဆောင်၍ စေတီတော်မြတ်ကြီး လက်ယာရစ်ပတ်ပူဇော်ခဲ့ကြပြီး ငြိမ်းချမ်းသာယာသော နိုင်ငံတော်ကြီးဖြစ်စေကြောင်း ဆုတောင်းမေတ္တာပို့သကာ မလိခမြစ်အတွင်း သွန်းလောင်းပူဇော်ခဲ့ကြသည်။

ထို့နောက်ဓမ္မာရုံ၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပန်းလှိုင်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ ကောင်းမှုလုံဆရာတော် သာသနာ့တက္ကသီလဓမ္မာစရိယ၊ မဟာသမဂ္ဂဇောတိကဓဇ ဦးကောလိတအမှူးပြုသော ဆရာအရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး အခမ်း အနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဆရာတော်အရှင်သူမြတ်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ဆရာတော်များထံ လှူဖွယ်ပစ္စည်း များနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့် အသံမစဲမဟာပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း (၅၀) နှင့် ဆွမ်းဆန်တော်အတွက် ဆန်အိတ် (၁၅) အိတ်ကိုလည်းကောင်း၊ အလှူရှင် ဦးရဲရင့်ဆွေက အလှူငွေကျပ်သိန်း (၃၀)နှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုကိုလည်းကောင်း၊ ဂေါပကအဖွဲ့ကလက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားတော်များ နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းလိုက်ကြကာ ဆရာတော် အရှင်သူ မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မလိခမြစ်အတွင်း မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ ကျင်းပမှုကို လည်းကောင်း၊ စေတီတော်ကြီး၏ မော်ကွန်းပြတိုက် တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးလွန်လွဲပြိုင်ပွဲ ကျင်းပနေမှုကို လည်းကောင်း ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကောင်းမှုလုံ မချမ်းဘောမြို့ သွားလမ်းပေါ်ရှိ မန်ခွတ်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သန်း (၃၀) မတည်ပေး ပံ့ပိုးပေးမှုဖြင့် တောင်သူ (၃၀)ဦးတို့က အစုအဖွဲ့ဖြင့် စိုက်ပျိုးလျက်ရှိသော ဆီမုန်ညှင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ခင်းသို့ သွားရောက်ပြီး စိုက်ခင်းအတွင်း မုန်ညှင်း၊ ဂေါ်ဖီထုတ်၊ ကိုက်လံ၊ နံနံပင်၊ ဖရုံသီးပင် စသည့် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဆီမုန်ညှင်း (၂)ဧက စိုက်ပျိုး ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ တောင်သူများအတွက် ရွက်ဖျန်းအားဆေး အထုတ်များကို ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် သွင်းအားစုလိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ စိုက်ပျိုးရေရရှိရေးအတွက် ရေတွင်းတူး ဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ထိုမှတစ်ဆင့် ပူတာအို-မချမ်းဘော-နမ့်ခမ်း-နောင်မွန်လမ်းပေါ်ရှိ အင်ဘူးဘော့ကျေးရွာအနီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာဖြည့်စွက်ရန်ပုံငွေဖြင့် ခရိုင်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကီလိုမီတာ ၂၄.၈၀-၂၅.၂၀ အတွင်း ၂၁၃.၃၆ မီတာအရှည် မျက်ကွယ်ကွေ့နေရာ၌ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် လမ်းချဲ့ခြင်း၊ Grade ချခြင်း၊ လမ်း အနိမ့်အမြင့်ဖြေညှိ၍ ချောင်းသဲကျောက် အမာခံခင်းကြိတ်ခြင်းနှင့် ၃ ဒသမ ၆၆ စင်တီမီတာ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း စီမံကိန်းနေရာသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်း ဆောင်၌ လမ်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ် ချိန်အတွင်းပြီးစီးအောင် အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး သတ်မှတ် ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီစွာ ‌ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လမ်းလုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်ဘူးဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (ဒုတိယနှစ်) စက်ဝန်းမှ မတည်ငွေကျပ် (၆)သိန်းဖြင့် တောင်သူ ဦးလနူး၏ ခြံဝင်းအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော ဆီထွက်သီးနှံ ဆီမုန်ညှင်း (၂) ဧက စိုက်ပျိုးထား ရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ချောင်း ရေမှတစ်ဆင့် သွယ်တန်းပေးနိုင်ရေး လိုအပ်သည့် ရေပိုက်တပ်ဆင်ပေးနိုင်ရန် ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရွက်ဖျန်းမြေသြဇာအိတ်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)