ကော့မှူး ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)၌ ကျင်းပသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မိဘဆရာအသင်းမှ ဦးသန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဧည့်သည်တော်များက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း စက္ကူရုပ်ခေါက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ Spin wheel ပြိုင်ပွဲများနှင့် ဉာဏပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စာပေစကားဝိုင်းများ၊ စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ဌာနဆိုင်ရာပြခန်းများကို စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ အခမ်းအနားကို အ.ထ.က(ကော့မှူး) နှင်းဆီခန်းမ၌ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့်လည်းကောင်း၊ မြန်မာ့ကျောင်းသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အမှာစကားပြောကြားပြီး အလှူငွေ၊ စာအုပ်၊ စာစောင်များ လှူဒါန်းလက်ခံခြင်းနှင့် စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြုခေါင်းစဉ်ဖြင့် ဟောပြောမည့် စာရေးဆရာမ တင်ထက်ထက်ဇော်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် စာရေးဆရာမ တင်ထက်ထက်ဇော်က ဟောပြောခဲ့ပြီး တွံတေးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)