သန်လျင်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန် ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်က (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းဝင်ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရန်လို (မိန့်ခွန်းကောက်နုတ်ချက်)၊ ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဆောင်ပုဒ်၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက် (မိန့်ခွန်းကောက်နုတ်ချက်)၊ ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်စို့၊ နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီ(ကဗျာ) စသည်တို့ပါရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် မြန်မာတစ်မျိုးသားလုံး၏ နေ့ထူး/ နေ့မြတ်တစ်ရက်ဖြစ်သည့် ပြည်ထောင်စုနေ့ကို အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်နှင့် နေ့ထူး/နေ့မြတ်များအား တန်ဖိုးထားတတ်စေရေး အသိပညာပေးဖြန့်ဝေခြင်းဖြစ်ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)