မိတ္ထီလာ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ တွဲထိန်းအခြေခံ၊ လျှပ်စစ်အခြေခံ၊ စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာ အောင်မျိုးကျော်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်း ခေါင်းဆောင်များအား ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက သင်တန်းများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။
အဆိုပါ မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ တွဲထိန်းအခြေခံသင်တန်း အမှတ်စဉ် (၈/၂၀၂၆)ကို သင်တန်းသားသင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၆ ပတ်ကြားမြင့်ခဲ့ပြီး လျှပ်စစ်အခြေခံသင်တန်းအမှတ်စဉ်(၃၇/၂၀၂၅)ကို သင်တန်းသားသင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၁၀ ပတ်ကြားမြင့်ခဲ့သည်။ ၎င်းအပြင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်းများ သင်တန်းအမှတ်စဉ် (၃၁/၂၀၂၆)ကို သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့၍ သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)