ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထမနဲထိုးပြိုင်ပွဲ၊ (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပရာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များနှင့် ဝိုင်းမော်မြို့နယ်မှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်း (၅) သင်းက မြန်မာရိုးရာထမနဲထိုးပွဲ ပုံရိပ်ကို ဖော်ဆောင်သည့် သံချပ်/ သီချင်း စာသားများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် ပါဝင်ယှဉ်ပြိုင်မှုတို့ကို ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ထမနဲ့ထိုးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဌာနဆိုင်ရာဝန်ထမ်းများ စိတ်လက်ပေါ့ပါးစေပြီး စည်းလုံးညီညွှတ်မှု၊ စိတ်အားတက်ကြွမှု၊ ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ပြသနိုင်သည့်အပြင် အားပေးကြည့်ရှုကြသည့် ပရိတ်သတ်များ၏ ရွှင်လန်းတက်ကြွမှုကို ဖြစ်စေပြီး မိမိတို့၏ရိုးရာဓလေ့ထုံးစံ၏ ပုံရိပ်ကိုပေါ်လွင်အောင် ဖော်ဆောင်သည့်အနေဖြင့် စုပေါင်း ထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ထမနဲထိုး ပြိုင်ပွဲဝင်ကြမည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း၊ ဝန်ကြီးဌာနအသင်းများ၊ ‌မြစ်ကြီးနားမြို့ပေါ်တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ စုစုပေါင်းပြိုင်ပွဲဝင်အင်း (၂၀) တို့၏ပြိုင်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြိုင်ပွဲကိုစတင်ရန် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာအသီးသီးတွင် ဒိုင်များ၏ ကြီးကြပ်မှုဖြင့် ထမနဲထိုးခြင်းကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စတင်ယှဉ်ပြိုင်ကြရာ ဒိုးပတ်အိုးစည် အကတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာ့ရိုးရာအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဒိုးပတ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဂုဏ်ပြုဆုများကို လည်းကောင်း၊ ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရှိ သာသနဟိတဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် အမှတ်စဉ် (၁၃) ကြိမ်မြောက် (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၁၄) ကြိမ်မြောက်သင်တန်းအတွက် ငွေကျပ်သိန်း (၇၀) ကို လှူဒါန်းပေးခဲ့သည်။

ထို့နောက် ကျောင်းထိုင်သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝါသဝက (၁၃) ကြိမ်မြောက် (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်း သံဃာတော် (၁၂) ပါးတို့အား ဒီပလိုမာ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)