ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ချစ်ကြည်စည်းလုံးညီညွတ်မှုရှိစေရေးနှင့် မြန်မာရိုးရာ ယဉ်ကျေးမှုကို မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဦးစီးကျင်းပသည့်၊ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို၊ ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများ နေရာယူကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့ခေါင်းဆောင် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ရီရီမွန်က ပြိုင်ပွဲ စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းဖတ်ကြားသည်။ ယင်းနောက် ဒေါက်တာရီရီမွန်က သတ်မှတ်ချိန်တွင် ပြိုင်ပွဲကို စတင်စေပြီး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များ ပူးပေါင်း ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့များက စတင် ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ၃၈ ခုနှင့် ရပ်ကွက် ၁၂ ရပ်ကွက် တို့ပူးပေါင်းပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး၊ ပြိုင်ပွဲစည်းကမ်း ၁၀ ချက်တွင် စည်းကမ်းချက် တစ်ချက်လျင် အမှတ် ၁၀ မှတ်စီဖြင့် စုစုပေါင်း အမှတ် ၁၀၀ ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲသတ်မှတ်ချိန် တစ်နာရီပြည့်သည်နှင့် သတ်မှတ်စည်းကမ်းနှင့်အညီ မိမိတို့ယှဉ်ပြိုင်ခဲ့သည့် ထမနဲပန်းကန်များကို အကဲဖြတ် ဒိုင်များထံ ပေးပို့ပြီး အကဲဖြတ် အမှတ်ပေးဒိုင်များက စည်းကမ်းနှင့်အညီ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၉ ဆု တို့ကို ရွေးချယ်ပေးခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲကိုဆက်လက် ကျင်းပရာ ပထမဆုကို စက်မှုအားမာန်အသင်း၊ ဒုတိယဆုကို ကုမုဒြာအသင်း၊ တတိယဆုကို ရဲဇာနည်အသင်းတို့က ရရှိခဲ့ကြပြီး၊ ပထမဆု ငွေကျပ် ၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၃ သိန်း၊ တတိယဆု ငွေကျပ် ၂ သိန်းနှင့် ကျန် နှစ်သိမ့်ဆု ၉ ဆုအတွက် တစ်ဆုလျင် ငွေကျပ် တစ်သိန်း စီတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား ၈၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)