နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၏ (၂၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက သက်ဆိုင်ရာဘွဲ့ အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့လက်မှတ်မျးအပ်နှင်းရန် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ထောက်ခံချက်ပေးပြီးဖြစ်သော ဘွဲ့များကို မောင်မယ်တို့အား အပ်နှင်းပြီးသောအခါ နေ့စဉ်နေတိုင်း ပြောဆိုနေထိုင်မှု၌ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ဘွဲ့ရများနှင့်အညီ ဆီလျော်ထိုက်တန်စွာ ပြောဆိုနေထိုင်ကြရန်၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သောပညာရှာမှီးမှုတို့ကို အခွင့်အရေး အစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းသတ္တိရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားရန် ဘွဲ့ရကျောင်းသား/ ကျောင်း သူများအား ဂတိပြုစေခဲ့ပြီး မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ သိပ္ပံဘွဲ့ရရှိသည့် ကျောင်းသား/ကျောင်းသူများ အား ဘွဲ့လက်မှတ်များအပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့နောက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ဘွဲ့ဒီဂရီအသီးသီး ဆွတ်ခူးရုံမျှဖြင့် ဘဝပန်းတိုင်ပြီးဆုံးပြီဟု မမှတ်ယူကြဘဲ အင်ဂျင်နီယာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အခြေခံကောင်းများအပေါ်မူတည်၍ လုပ်ငန်းခွင်၌ အသုံးချနိုင်အောင် ဆက်လက်ပညာဆည်းပူး လေ့လာသွားကြရန်၊ ကျေးဇူးသစ္စာ စောင့်သိပြီး လောကနီတိတရားများ ကိုယ်ကျင့်တရားများအပေါ် လေးစားကျင့်ကြံနေထိုင်၍ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်၊ သိပ္ပံပညာရှင်များဖြစ်အောင် ကြိုးစားသွားရန် ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)