လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဖေဖော်ဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဥသျှစ်လှိုင်းကျေးရွာသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ဥသျှစ်လှိုင်း၊ ခြင်ပစ်၊ ထိန်တောကျေးရွာများမှ ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ စာသင်ကျောင်း၊ တံတားတည်ဆောက်ရေး အကြောင်းအရာများ တင်ပြဆွေးနွေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဦးစီးဌာနမှကျေးရွာပြည်သူများအား ဆေးကုသပေးခြင်းနှင့် ညွှန်းပို့ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မွေးတိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)