ဒေါပုံ ဇန်နဝါရီ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက်ပြည်သူများမိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူစရာ မလိုဘဲ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ဝယ်ယူ စားသုံးနိုင်စေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင် အသင်း များမှ ပူးပေါင်း၍သန့်ရှင်းလတ်ဆတ်သော သား/ငါး ၊ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေး ခြင်းကို ယမန်နေ့ နံနက်(၇) နာရီမှ (၁၀)နာရီ ထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဗမာအေး ရပ်ကွက် ရွှေဖူးမျှော်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ စျေးကား များဖြင့် လာရောက်ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ရောင်းချပေးသော စားသောက်ကုန်ပစ္စည်းများ၊ သန့်ရှင်းလတ်ဆတ်သော သား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် အသင့်ထုပ်ပိုးပြီး ရေချို / ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် စျေးနှုန်းသက်သာစွာဝယ်ယူ နိုင်ရန် အတွက် ဈေးကား(၈)စီးဖြင့်လာရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဈေးကားများ လာရောက်ရောင်းချနေခြင်းများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဟန်စိုး၊ မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေး အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက် ကြည့်ရှုကြီးကြပ် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
သဲစုစုလွင်(ပြန်/ဆက်)