နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကျောက်ပုံးရိုက်လုပ်သားအဆင့် (၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဒက္ခိဏ ဇန်နဝါရီ  ၃၁

‌နေပြည်တော်ကောင်စီမှကြီးမှူး၍ ကျင်းပပြုလုပ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကျောက်ပုံးရိုက်လုပ်သားအဆင့် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကုမ္ပဏီ၊ အဖွဲ့အစည်းတိုင်းသည် မိမိတို့ချမှတ်ထားသည့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ(Vision, Mission)သို့ရောက်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး (Organization Capacity Development) အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်အောင်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် (Human Resource-HR)သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး လူ့စွမ်းအားအရင်းမြစ်စီမံခန့်ခွဲမှု အစီအစဉ်ကို စနစ်တကျရေးဆွဲခြင်းဖြင့် မိမိကုမ္ပဏီအဖွဲ့အစည်းရဲ့ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်‌သည့်အပြင် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုကိုစနစ်တကျ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများ ထားရှိဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၏ ဦးတည်ချက်ဖြစ်သည့် လူမှန်၊ နေရာမှန်(Right Man,Right Place)တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းရှိ ဝန်ထမ်းများကို အရည်အချင်းနဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းအပြင် စိတ်ဓါတ်ပိုင်းမှာပါ ကောင်းမွန်တိုးတက်အောင် မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပြီး ထုတ်ကုန်များလည်း အရည်အသွေးပြည့်ဝလာမှာဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်၏ အခြေခံသဘောတရားများမှာ အသိပညာ (Knowledge)၊ ကျွမ်းကျင်မှု(Skill)နှင့် ခံယူချက်(Attitude) တို့ဖြစ်ပြီး အဆိုပါ(၃)ချက်နဲ့ပြည့်စုံမှသာ HR လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ကုမ္ပဏီ၊ အဖွဲ့အစည်းများမှအစပြု၍ နိုင်ငံတော်အဆင့်အထိ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်များဖြစ်သည့် Footing and Column အတွက် သစ်သား Formwork ပြုလုပ်ခြင်း၊ ရေချိန်နည်းစနစ်များ၊ အတိုင်းအတာနှင့် တွက်ချက်မှုများ၊ လက်သုံး ကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ လုပ်ငန်းခွင်အတွင်း ဆက်သွယ်ဆောင်ရွက်ခြင်း နှင့် House Keeping ဆိုင်ရာ ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်၍ လုပ်ငန်းခွင်များတွင် ဆက်လက်အသုံးပြုသွားကြဖို့မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုံလောက်သော ပုံမှန်လေ့ကျင့်မှုမရရှိသည့် မိရိုးဖလာ တတ်မြောက်ပြီး လုပ်ကိုင်ကြတဲ့သူများသည့်အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများအားနည်းသည်ကို တွေ့ရပါကြောင်း၊ ယခုသင်တန်းတွင် လုပ်ငန်းခွင်များမှာ ဘေးအန္တရာယ်ဖြစ်နိုင်ချေ လျှော့ချရေးအတွက် အထူးအလေးထားပြီး(Safety) ဘာသာရပ်ကို စာတွေ့၊ လက်တွေ့ စနစ်တကျ ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်၍ မိမိတို့ကိုယ်တိုင် လိုက်နာခြင်းအပြင် လုပ်ငန်းခွင်တွင် အဖြစ်များသည့် မတော်တဆမှုများကို အတန်အသင့် ကာကွယ်သွားနိုင်မှာဖြစ်ကြောင်းနှင့် သင်တန်းမှရရှိလာသည့် အတွေ့အကြုံ ဗဟုသုတတွေကို အချင်းချင်းမျှဝေသွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြဆရာများအား  ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုမှ လျော့ချရန်ရည်ရွယ်ပြီး Big Catch-up Routine Catch-up နည်းလမ်းများဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက်(၁၅)နှစ်အောက် ကလေးများကို လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization)  တိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်း မျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း၊ ကျန်းမာရေး ဝန်ထမ်းများအား နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးပြည့်ဝမှုရှိစေရန် စွမ်း ဆောင်ရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး (၂၀၂၅)ခုနှစ် အတွင်း ဆေးရုံအခြေပြုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အကြံပြုချက်အရ ယခု(၂၀၂၆) ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှစပြီး အသက် (၉)လအရွယ် ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (ထိုးဆေး) ဒုတိယအကြိမ် (IVP-2) ထည့်သွင်း ထိုးနှံနေပြီဖြစ်ကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ပြည်သူ့ကျန်းမာရေးမြှင့်တင်နိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာနှင့် HPV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကြွက်နို့ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ဖို့အတွက် ယခု (၂၀၂၆) ခုနှစ်အတွင်း အသက်(၉)နှစ်မှ(၁၈)နှစ်အထိ မိန်းကလေးငယ်များအား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းအနေဖြင့် ဘီစီဂျီ၊ ပိုလီယိုသောက်ဆေး၊ ဝက်သက်ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးတို့၏ ကာကွယ်ဆေးလွှမ်းခြုံမှု ရာခိုင်နှုန်းများမှာ ၁၀၀ ရာခိုင်နှုန်း ရှိနေသော်လည်း မွေးကင်းစ ကလေးများတွင် ထိုးနှံပေးသော အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းနှင့် ကျန်ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းကျော်သာ ရှိနေသည့်အတွက် ကာကွယ်ဆေးလွှမ်းခြုံမှုရာခိုင်နှုန်း ပိုမိုကောင်းမွန်လာစေရန် နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဇင်ဝင်းက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ပက်သက်၍လည်းကောင်း၊ (ရောဂါနှိမ်နင်းရေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကေခိုင်ဖြိုးက လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်ရေး အစီအစဉ်များနှင့် ၂၀၂၅ခုနှစ်၊ မြို့နယ်အလိုက် ပုံမှန်ကာကွယ်ရေးထိုးနှံ လွှမ်းခြုံမှု ရာခိုင်နှုန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဧည်သည်တော်များက မှတ်တမ်း Vedio ပြသခြင်းများကိုလည်းကောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် နံရံကပ်ပြဘုတ်များနှင့် ကလေးငယ်များအား ကြိုတင်ကာကွယ်‌ဆေးထိုးနှံ‌ပေး‌နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်သို့ သွားရောက်ပြီး H-1 လမ်း(ရန်ကုန်-မန္တလေး လမ်းဟောင်းမှ မြို့ရှောင်လမ်း)အထိ မူလ(၂၄-ပေ)အကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈-ပေ)အကျယ် (၄)လမ်းသွား ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းတိုးချဲ့ ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများအား လမ်းပခုံးသားများ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဖြစ်စေရေး၊ လမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ လုပ်ငန်းများ အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ (H1 လမ်း)တိုးချဲ့ဆောင်ရွက်ခြင်း လုပ်ငန်းအား အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၆၂ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ကြံခင်းစုကျေးရွာ၊ ရန်ကုန်-မန္တလေး(မြို့‌‌ရှောင်လမ်းဘေး)“ငြိမ်းချမ်းသာ” ဆန်စက်နှင့် စပါးအခြောက်ခံလုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက အင်ဂျင်ရှစ်လုံးထိုး မြင်းကောင်ရေ ၄၀၀ ရှိ  တန်ချိန် ၄၀ နှင့် တန် ၆၀ကျ ဆန်စက်လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ သဘာဝစပါးခွံလောင်စာတောင့်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထုတ်ကုန်အရည်အသွေးမြင့်မားစေရေးနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာမြို့၊ ရွာမရပ်ရှိ လုပ်ငန်းရှင် ဦးသန်းဌေး၏ “နေမင်းထွန်း” မြေပဲအထူး၊ စပါး၊ ပြောင်းဖူး၊ ပဲမျိုးစုံခြွေလှေ့စက်နှင့် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ထုတ်လုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတိုင်းတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေး ဆန်းသစ်တီထွင်ထုတ်လုပ်ရန်၊ နည်းပညာနှင့် ချေးငွေရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်‌ကောင်စီလမ်း လမ်းပိုင်းများအား ကျောက်ကတ္တရာ‌ လောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်‌ဆေးပြီး အများပြည်သူများ သွားလာမှုအဆင်ပြေစေရန် လမ်းပိုင်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လမ်းလယ်ကျွန်းများ သန့်ရှင်းသာယာလှပစေရေး၊ လမ်းပခုံးသားများ မြေသားတင်ကျန်မှုမရှိစေရေး၊ ရေရှည်ခိုင်ခံ့မှုရှိစေရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)