တံတားဦးမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း

တံတားဦး ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာ့ဆေးကုသဆောင်နိုင်၌ ကျင်းပသည်။

အစည်းအဝေးတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက်အရွယ်အလိုက်(၁)နှစ်အောက်၊ (၅)နှစ်အောက်၊ (၁၅)နှစ်အောက်စသည်ဖြင့်ကလေးငယ်များအတွက် လိုအပ်သည့်ကာကွယ်ဆေးများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင်နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါဖြစ်ဖြစ်မှကုသခြင်းထက် ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းသည် ပို၍ကောင်းကြောင်း ကာကွယ်ဆေးထိုးနှံမှုမပြုလုပ်နိုင်ပါကလည်း ထိုးနှံလွှမ်းခြုံမှုရာခိုင်နှုန်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသူများအား ကျန်းမာရေးဝန်ကြီးဌာ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗီဒီယိုကလစ် ပြသသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ဦးက လက်ရှိဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကိုဆွေးနွေးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကာကွယ်ဆေးရရှိမှုအခြေအနေများ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်ရက်အတွင်း အကြိမ်ပြည့်ထိုးနှံမည့်လုပ်ငန်းများ၊ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်း ဆေးထိုးနှံမည့်လူဦးရေစာရင်းများရရှိရေးဆောင်ရွက်ထားရှိမှုနှင့် ယခင်နှစ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးဆွေးပြောကြားသည်။

ယင်းနောက်အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)