ပုသိမ်ကြီးမြို့နယ်တွင် မြေယာအသုံးချမှုနှင့် ပတ်သက်၍ အသိပညာပေး အခမ်းအနားကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အတွင်းမြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေး အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေက အမှာစကားပြောကြားရာတွင် မြေယာအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး အများပြည်သူသိရှိနားလည်အောင် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာပြီးဖြစ်သလို လယ်ယာမြေများပေါ်တွင်ခွင့်ပြုချက်မရှိဘဲ တရားမဝင် လမ်းဖောက်လုပ်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်း၊ အခြားနည်းအသုံးပြုခြင်းများ မပြုလုပ်ရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း မြေပြင်တွင်ဝိသမလောဘစီးပွာရေးသမားများ၏ လိမ်ညာရောင်းချမှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ ဝယ်ယူရောင်းချမှုများကြောင့် ကာယကံရှင်များအနေဖြင့် နစ်နာဆုံးရှုံးမှုများ အရေးယူခံရမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရှိရကြောင်း အစရှိသည်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက ၂၀၂၁ ခုနှစ် လယ်ယာမြေဥပဒေအပေါ် လိုက်နာရမည့်စည်းကမ်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် မြေယာအသုံးချမှုကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အိမ်၊ခြံ၊မြေ အရောင်းအဝယ်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်