အ.ထ.က-ခွဲ(၅ ရပ်ကွက်)တွင် ကျောင်းသား၊ ကျောင်းသူများကို မွေးမြူရေးအထူးပြုဘာသာရပ်အကြောင်း အသိပညာပေးဟောပြော

နမ့်စန်(တ) ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်  စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားမည့် မွေးမြူရေးအထူးပြုဘာသာရပ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ အထက-ခွဲ(၅ ရပ်ကွက်) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက အလယ်တန်းအဆင့် (Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းတွင် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ အဆိုပါစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းတွင် ရိုးရိုးအောင်၊ အဆင့်မီ(Qualified)အောင်နှင့် အထူး(Credit)အောင်များအတွက် အောင်မြင်မှုအလိုက်ရရှိနိုင်မည့် အခွင့်အလမ်းများတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲများနှင့် အထက်တန်းကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)