သန်လျင်မြို့ ကျိုက်ခေါက်စေတီဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၀

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်အထက်ပစ္စယံ၌ ကျင်းပသည်။

အခမ်းအနားသို့ စေတီတော်ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူကြသည်။

ယင်းနောက် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးအောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် အဖွဲ့ဝင်များ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ