ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ဦးဆရာတော်ကြီး၏ ဓမ္မပူဇာသဘင် တက်ရောက်ပူဇော် ၊ Quick Win  အစီအစဉ်ဖြင့်ဆောင်ရွက်နေသော ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

စစ်တွေ   ဇန်နဝါရီ   ၂၉

ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ ဓမ္မပူဇာသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဧည့်ပရိသတ်များက လှူဒါန်းသည့် ဓမ္မပူဇာ အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေ ခဲ့ကြသည်။

 ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် လိုအပ်ချက်ရှိသော ပြည်သူ ၁၀၀၀၀ တို့ကို အလှူရှင်များက တစ်လတာ ထမင်းနှင့် အသားဟင်းလျာများချက်ပြုတ်ကျွေးမွေး လှူဒါန်းမှုကို သွားရောက်ကြည့်ရှု အားပေးကြပြီး ထမင်းနှင့် အသားဟင်းလျာများအား ပြည်သူများသို့ ပေးအပ်သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဌာနဆိုင်ရာရုံးများတွင် Quick Win အစီအစဉ်နှင့်လုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ သစ်တောဦးစီးဌာန၊ ခြံဝင်းအတွင်းရှိ ပျိုးဥယျာဉ်ဆောက်လုပ်နေမှုနှင့်ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပျိုးဥယျာဉ်ဆောက်လုပ်နေမှု အခြေအနေများ၊ ပျိုးပင်များပျိုးထောင်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျိုးခြံဝန်းအတွင်း ပျိုးပင်များ ပျိုးထောင်ထာရှိးမှုအား လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးသို့သွားရောက်ပြီး  Quick Win  အစီအစဉ်ဖြင့်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်အကောက်ခွန်ဦးစီးဌာနများသို့သွားရောက်ပြီး Quick Win  အစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး