တောင်ကြီးမြို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၂၈

တောင်ကြီးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ပေးနိုင်ခဲ့မှုအခြေအနေများ၊ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ထောက်ပံ့ပေးအပ်မည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က တောင်ကြီးမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့်ခဲ့သည့် နေအိမ်ပိုင်ရှင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် တောင်ကြီးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးသည့်နေအိမ် (၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ်ဝါးထရံကာ (၁)လုံး၊ (၁)ထပ်တိုက် (၅၀)လုံး၊ (၂)ထပ်တိုက် (၈၁)လုံး၊ (၃)ထပ်တိုက် (၁၉)လုံး စုစုပေါင်းနေအိမ် (၁၅၄) လုံးတို့အတွက် J Wood နှင့် သစ်မာများဝယ်ယူရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ထောက်ပံ့ငွေ ကျပ်သန်း (၁၁၀၀) ကျော်အား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထက်ဝေအောင်(ပြန်/ဆက်)