မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးခိုးမြူလျှော့ချရေးဆိုင်ရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြောကြားသည်။ ထို့နောက် စစ်ကြောင်းကြီး ၅ ကြောင်းတွင် ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာနေပြည်သူများအား သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူလျှော့ချရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်တောအုပ်ကြီး ဦးစောလှက ကျေးရွာနေပြည်သူများအား တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော မီးခိုးမြူများ၏ နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းသီရိဦးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး