ချောင်းဆုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာယခုနှစ်တွင်ခရိုက်နှီးဟုကျေးရွာမှ တောင်သူများ၏ ဆီထွက်သီးနှံ နေကြာစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
နေကြာစိုက်ပျိုးရာ၌ အခြားဆောင်းသီးနှံများထက် စိုက်ပျိုးမှု ကုန်ကျစရိတ်များသက်သာ၍ မိမိတို့၏စိုက်ခင်းအောင်မြင်ပါက အခြားသီးနှံထက် ဝင်ငွေပိုရကြောင်း၊ ယခင်နှစ်က နေကြာ (၅) ဧက စမ်းသပ်စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်း၍ ယခုနှစ်တွင် ဧက (၃၀)စိုက်ပျိုးထားသည့်အတွက် ဆီပုံး(၁၀၀)ခန့်ရရှိရန်မျှော်မှန်းထားကြောင်း၊ နေကြာစိုက်ပျိုးရာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ပျိုးရေးနည်းပညာများနှင့်လိုအပ်သည့် သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့မှုရရှိသည့်အတွက် အဆင်ပြေကြောင်း လာမည့်နှစ်များတွင်လည်း နေကြာကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုက်နှီးဟုကျေးရွာမှ နေကြာစိုက်တောင်သူ ဦးကျော်သန်းက ပြောသည်။
မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာ (၃၅၂၀) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ (၃၅၅၀) ဧကကို လျာထားချက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုအထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)