ချောင်းဆုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းဆုံ ပရိယတ္တိဟိတကာရီအဖွဲ့၏ အကြိမ် (၇၀) မြောက် ပရိယတ္တိမွန်-မြန်မာ နှစ်ဘာသာ ရေးဖြေစာမေးပွဲကြီးကို ဇန်နဝါရီ (၂၁)ရက်နေ့က မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ စတင်ဖြေဆိုခဲ့ရာ ဇန်နဝါရီ (၂၇)ရက်နေ့ တွင် အေးချမ်းစွာ ဖြေဆိုပြီးစီကြောင်း သိရသည်။
အဆိုပါ ပရိယတ္တိ မွန်-မြန်မာရေးဖြေစာမေးကြီးကို ဆရာတော်၊ သံဃာတော်အပါး (၂၀) ၏ ကြီးကြပ်မှုဖြင့် ဝင်ရောက်ဖြေဆိုသူ သံဃာတော်နှင့် သီလရှင်စာချတန်း (၄၃) ပါး၊တတိယတန်း (၅၉)ပါး၊ဒုတိယတန်း (၆၄) ပါး၊ ပထမတန်း (၁၂၀)ပါး၊ ဥပစာတန်း (၆၇)ပါးနှင့် မူလတန်း (၁၁၀)ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် (၄၆၆) ပါး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၇) ရက်ကြာ ပြုလုပ်ခဲ့ပြီး စာဖြေသံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာ သီတင်းသုံးနိုင်ရန် ဝေယျာဝစ္စလုပ်ငန်းများ အတွက် အလှူရှင်များမှ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)