မုဒုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် ချောင်းပိတ်မြောင်းပိတ်ဆည်ရေသောက်စနစ်များဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးစျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။
မုဒုံမြို့နယ်တွင် တောင်သူအများစုက မိုးစပါးများရိတ်သိမ်းပြီးအချိန် လယ်ယာမြေကွပ်လပ်များတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြ၍ ဖူးစားပြောင်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ငရုတ် စသည့်သီးနှံများကို စိုက်ဧက (၂၃၀၀) ကျော်ကို စိုက်ပျိုးထားကြပြီး ဖူးစားပြောင်းများကို ပိုမိုစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထားသည့် သီးနှံများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့များ ပံ့ပိုးပေးအပ်ခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကွင်း တာဝန်ခံ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းဖူးနှင့်ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသပေါက်စျေး တစ်ဖူးလျှင် ငွေကျပ် (၃၀၀) မှ (၇၀၀) ကျပ်အထိ မြို့ပေါ်စျေးများတွင် ရောင်းချရကာ ယခုနှစ်တွင် အကျိုးအမြတ် ပိုမိုရရှိကြောင်းသိရသည်။
ရာမည(ပြန်/ဆက်)