ညောင်ဦး ဇန်နဝါရီ ၂၈
နန်းတော်ရာများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် မြို့ပြဖွဲ့စည်းပုံ စသည်တို့ကို လေ့လာရာတွင် အလွန်အရေးပါသည့် သမိုင်းဆိုင်ရာ အမွေအနှစ်တစ်ရပ်ဖြစ်သည်။ ရာဇဝင်ကျမ်းများနှင့်ကျန်စစ်သားနန်းတည်မွန်ကျောက်စာတို့အရ ပုဂံမြို့တော်ကို နေရာ (၄) နေရာသို့ ရွှေ့ပြောင်းနန်းစိုက်ခဲ့ပြီး မင်းဆက်ပေါင်း (၅၅) ပါး စိုးစံခဲ့ကြောင်း သိရသည်။
သမိုင်းမှတ်တမ်းများအရ ပထမနန်းတော်ရာနေရာကို သမုဒ္ဒရာဇ်မင်းက ခရစ်နှစ် ၁၀၇ ခုနှစ်တွင် တုရင်တောင်အရှေ့ဘက် ယုန်လွှတ်ကျွန်းအရပ်၌ တည်ဆောက်ခဲ့ပြီး၊ ဒုတိယသီရိပစ္စယာ နန်းတော်ရာနေရာကို ပုဂံမင်းဆက် (၇) ဆက်မြောက် သေဉ်လည်ကြောင်မင်းက ကျောက်စကားအရပ်၌ တည်ဆောက်ခဲ့ကာ၊ တတိယတမ္ပဝတီနန်းတော် ရာနေရာကို ပုဂံမင်းဆက် (၁၂) ဆက်မြောက်သိုက်တိုင်မင်းက အနောက်ဖွားစောရွာ၏ တောင်ဘက်တွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
နောက်ဆုံး စတုတ္ထနန်းတော်ရာ နေရာကို ပုဂံမင်းဆက် (၃၄) ဆက်မြောက် ပျဉ်ပြားမင်းက နဂါးဗိုလ်အရပ် (ယခုပုဂံမြို့ ဟောင်းနေရာ) တွင် တည်ဆောက်ခဲ့ကြောင်း ရာဇဝင်များတွင် ဖော်ပြထားပါသည်။ အနော်ရထာမင်းနှင့်ကျန်စစ်မင်းတို့၏ နန်းတော်ရာသည် ပုဂံမြို့ဟောင်းအတွင်း ရွှေဂူကြီး ဘုရားမြောက်ဘက်၊ ကားလမ်းဘေးတွင် တည်ရှိသည်။ ဒေသအခေါ်အရ အောင်မြေကုန်း (အောင်မြေကုန်းနန်းတော်ရာ) ဟု ခေါ်ဆိုကြကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိလည်းကောင်း၊ ၂၀၀၃ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် လည်းကောင်း အဆင့်လိုက် တူးဖော်သုတေသန (excavation and survey) ပြုခဲ့ကာ ၊ ၂၀၁၆ ခုနှစ်တွင် Non-Invasive Method အရ Magnetometer ဖြင့် သုတေသနပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
တူးဖော်သုတေသနပြုရာမှ အောက်ပါတို့ကို တွေ့ရှိရသည်။-
- နန်းတော်အတွင်း လူနေထိုင်မှုနှင့်နန်းတွင်း အသုံးအဆောင်ယဉ်ကျေးမှုကို လေ့လာ နိုင်သောအိုးများ
- ပစ္စည်းသိုလှောင်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသော အလျား ၂၂ မီတာ၊ အနံ ၁၃.၄၀ မီတာ၊ အနက် ၃.၁၀ မီတာရှိကာ နံရံကန့်အခန်း (၄) ခန်းပါဝင်သည့် မြေတိုက်ကြီး တစ်ခု
- ကျွန်းတိုင်ဟောင်းများ စိုက်သည့် မြေတွင်း၌အောက်ခံကျောက်ပြားနှင့် အုတ်ခွေအဝိုင်းကြီးများ
- အရှည် ၁၀.၈၉ မီတာအရှည် အုတ်စီအုတ်နင်းကောင်းမွန်သည့် ရေနုတ်မြောင်းများကို အများပြည်သူများ အခမဲ့ဝင်ရောက်လေ့လာနိုင်ကြောင်း၊ တူးဖော်တွေ့ရှိအထောက်အထားများအရ ပုဂံခေတ်ပစ္စည်းသိုလှောင်မှုစနစ်၊ မြို့ပြဖွဲ့တည်မှုစနစ်၊ ရေစီမံခန့်ခွဲမှုစနစ်တို့ စနစ်တကျရှိခဲ့ကြောင်း ပြသလျက်ရှိသည်။
နန်းတော်များကို ပြန်လည်ဖော်ထုတ်ခြင်း၊ တူးဖော်သုတေသနပြုခြင်းဖြင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ မြို့ပြဖွဲ့တည်မှု၊ လူမှုဘဝနှင့်ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ သိရှိနိုင်ခြင်း၊ နန်းတော်များနှင့်ခေတ်ပြိုင်ကာလ၊ ကျောက်စာပါအထောက်အထားများဖြင့်လည်း နှိုင်းယှဉ်သုတေသနပြုလုပ်နိုင်သည့်အပြင် Site Museum အဖြစ်လည်း လေ့လာနိုင်မည်ဖြစ်သည်။
ပိုမိုခိုင်မာသည့် အထောက်အထားများ သိရှိနိုင်ရေးအတွက် ဆက်လက်၍ သိပ္ပံနည်းကျ တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အများပြည်သူများ၊ သုတေသီများ၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အခမဲ့ဝင်ရောက် လေ့လာနိုင်သည့်နေရာဖြစ်ကြောင်း သိရသည်။
ဒီပါလင်း