ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်နှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတို့တွင် ဆောင်ရွက်သည်။
မီးဘေးလုံခြုံရေး အသိပညာပေးရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က မီးလောင်မှုဖြစ်ပွား ရခြင်းအကြောင်းအရင်းများ၊ မီးလောင်မှုအတန်းအစား ၆ မျိုးနှင့် ဖြစ်ပွားမှုအများဆုံး မီးလောင်မှုများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများနှင့် မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို ရှင်းလင်း ဟောပြောသည်။ ယင်းနောက် မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းကို မြို့နယ်စည်ပင် သာယာဝန်ထမ်းများ၊ ဈေးကော်မတီများ၊ ဈေးသူ/ဈေးသားများ ပူးပေါင်း၍ လက်တွေ့ ဆောင်ရွက်ကြသည်။ ယင်းနောက် မီးလောင်မှု/ မီးလန့်မှု ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မီးသတ်ဝန်ထမ်းများ၊ ဈေးကော်မတီများနှင့် ဈေးသူဈေးသားများ ပူးပေါင်း မီးငြှိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဈေးများအတွင်း မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ရေပိုက်များ အလွယ်တကူရေထုတ်ယူရရှိခြင်း ရှိ/မရှိနှင့် မီးသတ်ကား လွတ်ကင်းစွာဝင်ထွက်သွားလာနိုင်စေရေးတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးကြပြီး မီးသတ်ဦးစီးမှူးက ဈေးကော်မတီဝင်များအား လိုအပ်သည်များ အကြံပြု ဆွေးနွေးမှာကြားသည်။
အဆိုပါ ဈေးများ မီးဘေးလုံခြုံရေး အသိပညာပေး ခြင်းနှင့် လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင် ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ် နှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဒေါ်မေကလျာအံ့နှင့် ဝန်ထမ်းများ၊ တမ္ပဝတီဈေးသစ်နှင့် မြို့မစည်ပင်သာယာဈေးတို့မှ ဈေးသူ/ဈေးသားများနှင့် လုံခြုံရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)