ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ်လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၂

(၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ (၁၈) ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင်ပါရှိသည့် ယခုနှစ် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကို ၂၁-၁၂-၂၀၂၅ ရက်နေ့မှ ၂၂--၂၀၂၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ကျင်းပနေကြောင်းကို သိရှိရပါကြောင်း။

တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးရက်အရှည်ဆုံးကျင်းပသည့် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရဘွဲ့ တံဆိပ်တော်ရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါကြောင်း။

ထို့ကြောင့် ပင်တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ်ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်းစောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၈) ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္ဓာ (နောက်ပိုင်း) ယမကနှင့် ပဋ္ဌာနဟူသော ခက်ခဲနက်နဲလှသည့် ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ်သဘောအဓိပ္ပာယ်များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရတိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုးဝါကနက္ကဒဏ်ထီးဖြူတော် () လက်အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ခံစားရပါကြောင်း။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဝန်းရံကျေးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၅၆ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ တင်းတိန်ရံဈေး၊ ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒာဘိဝံသကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် သာသနဓဇဓမ္မာစရိယဘွဲ့၊ ဝိနယဝိဒူဘွဲ့၊ ဒီဃနိကာယဝိဒူဘွဲ့၊ မဇ္ဈိမနိကာယဝိဒူဘွဲ့၊ အဘိဓမ္မဝိဒူ (/) ဘွဲ့၊ နိကာယဝုဍ္ဎိသမိတိဝိနယကောဝိဒဘွဲ့၊ နိကာယုဇ္ဇောတကဓမ္မတ္ထ ဝိသာရဒဒီဃဘာဏကဘွဲ့၊ နိကာယုဇ္ဇောတက ဒီဃနိကာယဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒမူလအာဘိဓမ္မိကဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမဘာဂဓမ္မာစရိယဘွဲ့၊ နိကာယုဇ္ဇောတက မဇ္ဈိမအာဘိဓမ္မိကဘာဏကဘွဲ့ စသည့်ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၆ ခုနှစ် တွင်ကျင်းပသော (၆၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ်ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိက ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါကြောင်း။

တပည့်တော်များ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိစွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှ ဆက်ကပ်သော တိပိဋကဓရတိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည်ပရိယတ္တိသာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၈) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းလျှောက်ထားပြီး တိပိဋကဓရတိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရထံ သဝဏ်လွှာကို ဆက်ကပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူ တော်ငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာနနာယက၊ တိပိဋကဓရ တိပိဋက ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ဆရာတော် အရှင်သူမြတ်က သာသနာတော်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ရာတွင် ချီးမြှောက်သင့်ချီးမြှောက်ထိုက်သော ပုဂ္ဂိုလ်တို့ကို ချီးမြှောက်သင့်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့ကြောင်း၊ ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်တကွ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် စသည့်အကြီးအကဲများက လာရောက်ချီးမြှင့်ဆက်ကပ်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ချီးမြှောက်သင့် ချီးမြှောက်ထိုက်သူများကို ချီးမြှောက်သဖြင့် အနာဂတ်သံဃာတော်များ အားကျအတုယူဖွယ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ်မှစ၍ ကျောင်းတိုက်ကို စတင်တည်ထောင်ခဲ့ရာ ၂၀၂၆ ခုနှစ်တွင် ၂၅ နှစ် ပြည့်မြောက်ပြီးဖြစ်ပါကြောင်း၊ ကျောင်းတိုက် တည်ထောင်သည့် ကာလအတွင်း (၆၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒတစ်ပါး၊ (၇၇) ကြိမ်မြောက်တွင် တစ်ပါး၊ ယခု (၇၈) ကြိမ်မြောက်တွင် တစ်ပါးစုစုပေါင်း သာသနာ့အာဇာနည်သုံးပါး ပေါ်ထွန်းခဲ့ပြီဖြစ်သဖြင့် ဆရာတော်နှင့်တကွ ကျောင်းတိုက်ရှိ တပည့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများအားလုံးက ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုပါကြောင်း ဩဝါဒပြုမိန့်ကြားပြီး အခမ်းအနားကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)