တွံတေးမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲ ကျင်းပ

တွံတေး ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော သားငယ်၊ သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ နေလယ် ၁ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံဗုဒ္ဓဘာသာသင်တန်းကို ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန သြဝါဒစရိယဆရာတော် ဒေါက်တာဘဒ္ဒန္တရေဝတ (ရွှေကွမ်းသား) ၏ "ဓမ္မစကူးလ်အပတ်စဥ်" ဗုဒ္ဓဘာသာသင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဒေါက်တာဘဒ္ဒန္တရေဝတကြီးမှူး၍ ဓမ္မစကူးလ်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေပြီး အခြေခံဗုဒ္ဓဘာသာဖြစ်သော ၃၈ ဖြာမင်္ဂလာပါဠိ၊ မြန်မာ၊ ကဗျာ မင်္ဂလာပရိယာယ်စကားလှယ်၊ ခုနှစ်နေ့ဗုဒ္ဓဝင်၊၊ ဗုဒ္ဓဝင်မှတ်စု၊ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ခန်းစာ၊ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော်၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်နှင့် ဆုတောင်း၊ အမျှဝေတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြသည်။

ယင်းသင်တန်းသို့ Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းဆင်းပွဲတွင် ဓမ္မာလင်္ကာရပရိယတ္တိကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တရေဝတဆရာတော်နှင့် တာဝန်ရှိသူတို့က ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်