မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၅၁၈ ဧက စိုက်ပျိုးပြီးစီး

မုဒုံ ဇန်နဝါရီ ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း(၁၅၁၈) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများက အဇင်းဆည်ရေနှင့် ချောင်းပိတ်မြောင်းပိတ်ရေများကို အမှီပြု၍ ဆီထွက်သီးနှံများအား မြို့နယ်ရှိ ကျောက်တလုံး၊ တာပသွန်၊ ဘလောက်ညောင်ဝိုင်းကျေးရွာများနှင့် ဗဟိုခြံတို့တွင် ဆီထွက်သီးနှံများ (၁၅၀၀)ဧက စိုက်ပျိုးရန်လျာထားပြီး ဒီဇင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် နေကြာ(၁၅၀၀)ဧက၊ မြေပဲ(၁၂)ဧက၊ နှမ်း(၆)ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။

မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရန် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများအချိန်ကိုက် အချိုးကျမှန်ကန်စွာ ထည့်သွင်းသုံးစွဲနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သော စိုက်ပျိုးမှုနည်းပညာများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရာမည (ပြန်/ဆက်)