ဇမ္ဗူသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂၅) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)