မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အားကစားကို မြတ်နိုးတန်ဖိုးထားပြီး ပြည်နယ်၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြည်နယ်ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာန ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ၂၆ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားကွင်းအတွင်းသို့ နေရာယူခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေနဲ့ ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ တွန်းအားပေးပံ့ပိုးဆောင်ရွက် ပေးလျက်ရှိရာ အားကစားကဏ္ဍတိုးတက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ၊ ဝန်ကြီးဌာနပေါင်းစုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများရှိသည့်အနက်မှ ဘောလုံးအားကစား ပြိုင်ပွဲကို အများပြည်သူများ အထူးအားပေးကြိုက်နှစ်သက်ကြပြီး ထူးချွန်ထက်မြတ်၍ အလားအလာရှိသော ဘောလုံးအားကစား‌သမား‌ ကောင်းများ ပေါ်ထွက်ရရှိရေးအတွက် စဉ်ဆက်မပြတ် မွေးထုတ်ပေးကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းစည်းမျဉ်း၊ စည်းကမ်းဘောင်အတွင်း ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါ အားထားရသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြဖို့ မှာကြားလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ဝန်ကြီးဌာန ဘောလုံးအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)